Sunday, August 11, 2013

စကားကြီး ၁၀ မျိုး











စကားလုံးများသည် ခွန်အားရှိသည်  ။ တစ်ဦး နှင့် တစ်ဦး စကားပြောဆိုရာတွင် လိမ်မာ ပါးနပ်ရန် အရေးကြီးသည် ။ စကားလုံးများဖြင့် လူများကို စေလိုရာ ခိုင်းနိုင်သည် ။ ထိုကြောင့် စကားပြောသည့် အရာတွင် ကျွမ်းကျင်လိမ္မာစေရန် နည်းအမျိုးမျိုးတို့ကို စကားကြီး ၁၀ မျိုး ဟု မြန်မာစာ၌ ခွဲခြားသတ်မှတ်ထားသည် ။ ထို ၁၀ မျိုးမှာ

  • ရေကူးညာတင်
  • ကောက်ပင်ရိတ်လှီး
  • ရေစီးဖောင်ဆန်
  • အိုးတန်ဆန်ခပ်
  • ဆီပွတ်ကျည်ပွေ့
  • ဆင်ဝှေ့ရန်ရှောင်
  • တောင်သူယာခုတ်
  • ကြက်ဆုတ်ခွပ်ပစ်
  • ရေစစ်ကရား ရေသွားသည့်သွင်
  • ခက်တင်မောင်းနင်း

တို့ ဖြစ်ပေသည် ။


၁ ။ ရေကူးညာတင်

မြစ်တစ်ဖက်မှ လိုရာ ဆိပ်ကမ်းသို့ ကူးလိုလျှင် မြစ်ညာမှ တင်၍ ကူးမှ လိုရာရောက်သကဲ့သို့ မိမိအလိုရှိရာသို့ရောက်အောင် အထက်က တင်ကူး၍ ပြောခြင်းကို ရေကူးညာတင် ပြောခြင်းဟုခေါ်သည် ။

၂ ။ ကောက်ပင်ရိတ်လှီး

စပါးရိတ်ရာတွင် ကောက်ပင်ကို လက်တစ်ဖက်ဖြင့် ဆုပ်သိမ်းကာ တံစဉ်ဖြင့် အရင်းမှ ရိတ်သိမ်းသကဲ့သို့ တစ်ဖက်လူ၏ စကားကို သိမ်းကျူံးဖမ်းယူပြီးမှ အရင်းကဖြတ်၍ ပိုင်အောင်ပြောခြင်းကို ကောက်ပင်ရိတ်လှီး ပြောခြင်း ဟု ခေါ်သည် ။

၃ ။ ရေစီးဖောင်ဆန်

ဖောင်ကြီးသည် အညာသို့ ဆန်သောကာလတွင် လိုရာဆန္ဒရှိသမျှကို တင်ဆောင်ကာ  ဖြည်းညင်းသာယာစွာ ဆန်လျှင် လိုရာ အရပ်သို့ ရောက်နိုင်သည် ။ ထိုကဲ့သို့ စကားပြောဆိုရာတွင်လည်း ဥပမာ ဥပမေယျ တို့ဖြင့် ဖြည်းညင်း သာယာစွာ လိုရာသို့ ပြောခြင်းကို ရေစီးဖောင်ဆန် ပြောခြင်း ဟု ခေါ်သည် ။ 

၎ ။ အိုးတန်ဆန်ခပ်

အိုး နှင့် ဆန် သည် တန်အောင်ချက်လျှင် နူးနပ်စွာ သုံးဆောင်ရသကဲ့သို့ စကားအရာတွင်လည်း မယုတ်မလွန် နှင့် လိုရင်းရောက်အောင် ပြောခြင်းကို အိုးတန်ဆန်ခပ် ပြောခြင်း ဟုခေါ်သည် ။

၅ ။ ဆီပွတ်ကျည်ပွေ့

ဆီကိုရအောင် ပွတ်သည့်အခါတွင် အထပ်ထပ်အခါခါ ပွတ်ရသကဲ့သို့ အလိုရှိသော စကားကို အထပ်ထပ် လိုရာသို့ ပြောခြင်းကို ဆီပွတ်ကျည်ပွေ့ ပြောခြင်း ဟု ခေါ်သည် ။

၆ ။ ဆင်ဝှေ့ရန်ရှောင်

ဆင်ဝှေ့မည်ဟု သိလျှင် လွတ်ရာလွတ်ကြောင်း ရှောင်တမ်းနိုင်သကဲ့သို့ စကားပြောဆိုရာတွင်လည်း မိမိဘေးဒုက္ခ ရောက်မည့်ဘေးမှ ရှောင်းကွင်း၍ ပြောခြင်းကို ဆင်ဝှေ့ရန်ရှောင် ပြောခြင်း ဟု ခေါ်သည် ။

၇ ။ တောင်သူယာခုတ်

တောသူတောင်သားတို့သည် ယာခုတ်ရာတွင် ချုငယ် သစ်ပင်ငယ်တို့ကို အရင် ရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲသကဲ့သို့ စကားအရာတွင်လည်း ဦးစွာ စကားငယ်ကို ပြော၍ နောက်မှ စကားကြီးများကို ဖိပြောခြင်းဖြင့် လိုရာသို့ ပြောခြင်းကို တောင်သူယာခုတ် ပြောခြင်း ဟု ခေါ်သည် ။

၈ ။ ကြက်ခုတ်ခွပ်ပစ်

ကြက်တို့၏ သဘောသည် ခွပ်မည်ပြုသော အခါ နောက်သို့ ဆုတ်သကဲ့သို့ စကားအရာတွင်လည်း သူ့တစ်ပါးအလိုကို လိုက်တန်သလောက် လိုက်ပြီးလျှင် စီးသောအခါမှ စီးလျက်ပြောသော စကားကို ကြက်ခုတ်ခွပ်ပစ် ပြောခြင်း ဟု ခေါ်သည် ။

၉ ။ ရေစစ်ကရား ရေသွားသည့်သွင်

ရေစစ်သော ဓမ္မကရိုဏ်ကို ရေတွင်နှစ်၍ ရေပြည့်လျှင် အပေါက်ကို လက်ဖြင့် ပိတ်၍ ယူပါက ရေမထွက် နိုင်သကဲ့သို့ တစ်ဖက်လူ၏ စကားကို ထွက်ပေါက်မရှိအောင် ပိတ်၍ ပြောခြင်းကို ရေစစ်ကရား ရေသွားသည့်သွင် ပြောခြင်း ဟု ခေါ်သည် ။

၁၀ ။ ခက်တင်မောင်းနင်း

သူတစ်ပါး၏ စကားကို ဟုတ်သည်လည်း မပြော ၊ မဟုတ်သည်လည်း မပြောဘဲ မတင်မကျ ပြောခြင်းကို ခက်တင်မောင်းနင်း ပြောခြင်း ဟု ခေါ်သည် ။

No comments:

Post a Comment