Monday, August 5, 2013

ကျော်ဟိန်း

ကျော်ဟိန်း ဟု ဆိုလျှင် မြန်မာနိုင်ငံတွင် မသိသူ တော်တော် ရှားပေလိမ့်မည် ။ သူသည် မြန်မာ့ ရုပ်ရှင် သမိုင်းတွင် အနုပညာကြေး အမြင့်ဆုံး ရရှိသောသူ သက်တမ်းရင့် သရုပ်ဆောင် တစ်ဦး ဖြစ်သည် ။ အမည်ရင်းမှာ ကျော်ဌေးဖြစ်ပြီး ၁၄ ရက် ဇူလိုင်လ ၁၉၄၇ ခုနှစ် တွင် ခရိုင်ရဲဝန် အဖ ဦးဂျွန်မောင်စိန် နှင့် အမိ ဒေါ်ချိုချို တို့မှ ရန်ကုန် မြို့တွင် မွေးဖွးခဲ့သည် ။ တက္ကသိုလ် ဝင်တန်း အထိ ပညာ သင်ကြားခဲ့ပြီး ငယ်စဉ်က စိန်ဂေါ်လီ ဂိုဏ်းဝင် တစ်ဦး ဖြစ်ခဲ့သည် ။

၁၉၇၀ ပြည့်နှစ်မှ စ၍ ရုပ်ရှင် မင်းသမီး စန္ဒာ နှင့် အတူ “ ဖူးစာလမ်းစုံ ” ဇာတ်ကားဖြင့် ရုပ်ရှင် လောကထဲသို့ စတင် ဝင်ရောက်ခဲ့သည် ။ “ အကာကအချစ် အနှစ်ကမေတ္တာ ” ၊ “ မွန်းထည့်ချိန်တွင် နေဝင်သည် ” ၊ “ ပန်းမြိုင်လယ်က ဥယျာဉ်မှူး ” ၊ “ ဝေလည်းမွှေး ကြွေလည်းမွှေး ” ဇာတ်ကားများဖြင့် အကယ်ဒမီ လေးကြိမ် ရရှိခဲ့သည် ။ “ မွန်းတည့်ချိန်တွင် နေဝင်သည် ” ဇာတ်ကားကို ကိုယ်တိုင် ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့သည် ။

ပထမဆုံး ဒါရိုက်တာလုပ်၍ ရိုက်ကူးခဲ့သော ဇာတ်ကားမှာ “ စိန် သို့မဟုတ် စိန် ” ဖြစ်ပြီး ထို ဇာတ်ကား၏ ကြေငြာဒီဇိုင်း ၊ ပိုစတာ များအားလုံးကို သူကိုယ်တိုင် “ နေမင်းထိပ်ခေါင် ” အမည်ဖြင့် ရေးဆွဲခဲ့ပေသည် ။ ဝတ္ထုတို ၊ ဝတ္ထုရှည် အချို့ကိုလည်း ရေးသားခဲ့ပြီး တေးစီးရီးများကိုလည်း သီဆို ထုတ်လုပ်ခဲ့သည် ။ ထုတ်လုပ်ခဲ့သော တေးစီးရီးများမှာ အောက်ပါအတိုင်း ဖြစ်လေသည် ။
  1. မျက်ရည်ငှက်များ နားစေသတည်း
  2. လူကြီးမင်းများ လက်ခုပ်တီးပါ
  3. ယင်းမာတင်ဆက်မှု ( ၂ ) 
  4. တစ်ကိုယ်တော် လေလွင့်ခြင်း 
  5. စင်ပေါ်က သီချင်းများ
  6. အဓိပ္ပာယ် ရှိသောလူ
  7. ထာဝရ ရှင်သန်နေမယ်
  8. ဝီရ ရသ
  9. အသစ်
  10. ဒုတ် ဒုတ် ဒုတ် ဒုတ်
  11. မော်ဒန် အင်းတစ်ခ်
  12. အဓိပ္ပာယ်ရှိသော စင်ပေါ်ကသီချင်းများ
  13. နိုဝင်ဘာ - ၁၁
  14. The Next ( နောက်ဆုံး ကျော်ဟိန်း ဇာတ်ကားထဲတွင် ဇာတ်ဝင်သီချင်း အဖြစ် ထည့်သွင်း ) 
တို့ဖြစ်လေသည် ။ 

ရေးသားခဲ့သော စာပေ များမှာ 
  1. ပြာ အက်ဆေး
  2. စိတ်ဓားပြ
  3. ကျော်ဟိန်းများ
  4. သရုပ်ဆောင်ကြမ်း
  5. ဝတ္ထုတို ပေါင်းချုပ်
  6. လုံးဝအဖြူ ရုပ်ပြဇာတ်လမ်း ( ပ+ဒု )
စသည်တို့ ဖြစ်သည် ။

ကျော်ဟိန်းသည် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၄ ရက်မှ စ၍ ရုပ်ရှင်လောကမှ အနားယူခဲ့ပြီး ရဟန်းဘောင် အတွင်းသို့ ဝင်ရောက်ခဲ့လေသည် ။ ဘွဲ့တော်မှာ ဦးကိတ္ထိသာရ တွင်လေသည် ။  ရဟန်း မဝတ်ခင်ကလည်း ကျော်ဟိန်း၏ နောက်ဆုံးခရီး ဟု အမည်တပ်ကာ မြန်မာနိုင်ငံ အနှံ့အပြားသို့ သွားရောက်ခဲ့သေးသည် ။ ရဟန်းဝတ်ဖြင့် နိုင်ငံ အနှံ့ လှည့်လည် တရားဟောသဖြင့် ဝေဖန်မှုများလည်း ရှိခဲ့လေသည် ။ ရဟန်းဝတ်ဖြင့် စာပေများကို ရေးသားသောအခါ ကလောင်နာမည် ဦးကိတ္ထိသာရ ( ခေတ္တ ၃၁ ဘုံ ) ဟူ၍ ဖြစ်လေသည် ။ ရဟန်း မဝတ်ခင် နောက်ဆုံး ရိုက်ကူးခဲ့သော ဇာတ်ကားမှာ “ ကြိုးတန်း ” ဟူသော ဇာတ်ကားဖြစ်လေသည် ။ ၂၀၁၃ ခုနှစ်တွင် အသိသတိ ( www.athithedi.com ) ဝက်ဆိုဒ် စာမျက်နှာအား လွှင့်တင်ခဲ့လေသည် ။

No comments:

Post a Comment