Wednesday, August 7, 2013

ပြင်ဦးလွင်

တောင်ပေါ်မြို့ကလေး တစ်မြို့ ၊ ရာသီဥတုက သာသာယာယာ ၊ သစ်ပင်ပန်းမန်များနှင့် တစ်နှစ်ပတ်လုံး စိမ်းစို လှပနေတဲ့ နေရာ ၊ ထို မြို့ကလေးကတော့ ပြင်ဦးလွင် ( ခ ) မေမြို့ ပဲ ဖြစ်ပေသည် ။ ရှေးခေတ်က  ဗြိတိသျှများ  ပြုပြင် တည်ဆောက် ခဲ့သော  မြို့ဆိုလျှင်လည်း မမှားပေ ။ များသောအားဖြင့် နွေရာသီ အပူရှိန်မှ ရှောင်ရှားရန် လာရောက် အပန်းဖြေကြသော မြို့လည်း ဖြစ်ပေသည် ။

ပြင်ဦးလွင်သည် မန္တလေးမှ မော်တော်ကားဖြင့်လာလျှင် ၄၃ မိုင်ကွာဝေးပြီး မန္တလေး - လားရှိုး လမ်းမပေါ်တွင် တည်ရှိပေသည် ။ ဗြိတိသျှတို့ တည်ဆောက်ခဲ့သောကြောင့် ရှေးခေတ် အိမ်ဟောင်းကြီးများ ၊ ဗရင်ဂျီ သာသနာပြုကျောင်းများ နှင့် ရှေးခေတ်လက်ရာ ဗိသုကာများကို မြင်တွေ့နိုင်ပေသည် ။ ပြင်ဦးလွင်မြို့သို့ မော်တော်ကား ၊ ရထား ၊ လေယာဉ် တို့ဖြင့် သွားလာနိုင်သည် ။ ရထားလမ်းမှာတော့ တောင်တက်တောင်ဆင်းဖြစ်သည့် အလျှောက် ဖြေးဖြေးမှန်မှန် မောင်းရသည့် အတွက် အချိန်ကြန့်ကြာမှု ရှိနိုင်သည် ။ 

ပြင်ဦးလွင်မြို့သည် မြန်မာနိုင်ငံရှိ မည်သည့်မြို့များနှင့်မှ မတူပဲ တစ်နှစ်ပတ်လုံး အေးချမ်းသာယာသော ရာသီဥတုမျိုးကို ပိုင်ဆိုင်ထားသော မြို့လည်းဖြစ်ပေသည် ။ ထို့ကြောင့် စိုက်ပျိုးသမျှ သီးနှံ ပန်းမန်များမှာ ဖြစ်ထွန်းအောင်မြင်ပေသည် ။ တောင်စောင်း တောင်ခါးပန်းများတွင် ကော်ဖီ ၊ စတော်ဘယ်ရီ ၊ နာနတ် စသော စိုက်ခင်းများကို မြင်တွေ့နိုင်ပေသည် ။ ထို့အပြင် ဂေါ်ဖီထုပ် ၊ ဂေါ်ဖီပန်း ၊ ခရမ်းချဉ် စသည့် အပင်များနှင့် ဗြိတိသျှ အင်္ဂလိပ်တို့ စိုက်ပျိုးခဲ့သော ယူကလစ်ပင် ၊ ထင်းရှူးပင် နှင့် ဝက်သစ်ချပင်များကိုလည်း ပြင်ဦးလွင် တွင်တွေ့မြင်နိုင်ပေသည် ။ 

ဒါ့အပြင် အမျိုးသမီးတိုင်း နှစ်သက်သော မေမြို့ပန်း ၊ ဒေလီယာပန်း ၊ ဂန္တမာပန်း အစရှိသည့် ပန်းများမှာလည်း အရောင်အသွေးစုံလင်စွာ ဖူးပွင့်လျက်ရှိပြီး ပြင်ဦးလွင်အား အလှဆင်ထားသကဲ့သို့ ရှိလေသည် ။ ထိုမြို့ကလေးတွင် အနီးစခန်း ရေတံခွန် ၊ ဝက်ဝံရေတံခွန် ၊ ပွဲကောက် ရေတံခွန် ၊ အမျိုးသားကန်တော်ကြီး သဘာဝဥယျာဉ် ၊ မဟာအံ့ထူးကံသာ ဘုရား ၊ ဓာတ်တော်ချိုင့် ၊ ပိတ်ချင်းမြောင် ( နန္ဒာမူလိုဏ်ဂူ ) နှင့် တိုင်းရင်သားကျေးရွာ စသည့် လည်ပတ်စရာ နေရာများနှင့်လည်း ပြည့်နှက်လို့နေပေသည်  ။ ပြင်ဦးလွင်သည် ရှေးယခင် အခါက ဓနု လူမျိုးများ နေထိုင်ရာ အရပ် ဖြစ်ခဲ့သည် ။ ယနေ့ အချိန်တွင်တော့ တရုတ် ၊ ကုလား ၊ ရှမ်း ၊ ဗမာ လူမျိုးပေါင်းစုံနေထိုင်ရာ အရပ် ဖြစ်လေသည် ။

No comments:

Post a Comment