Monday, August 12, 2013

ကလေးမြို့












ကလေးမြို့သည် အထက်ချင်းတွင်း ခရိုင် ချင်းတောင်ခြေ၏ အရှေ့ဘက် မြစ်သာမြစ်နှင့် ၂ မိုင်ခန့် ကွာဝေးသော ကုန်းမြင့် ပေါ်တွင် တည်ရှိသည် ။ ကလေးမြို့နယ် တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်း မိုင် ၈၉၂ ခန့် ရှိ၍ ကလေးမြို့၏ အကျယ်အဝန်းမှာ စတုန်ရန်း ၂၄ ဖာလုံခန့် ရှိသည် ။ ကလေးမြို့သည် ရှေးမြန်မာမင်းတို့ လက်ထက်က တည်ထောင်ခဲ့သော မြို့ဟောင်းတစ်ခု ဖြစ်သည့် အလျောက် မြို့ရိုးဟောင်း ၊ ကျူံးဟောင်းအစ ရှိသော ယိုယွင်းနေသည့် ရှေးဟောင်းပစ္စည်းများကို ယခုထက်တိုင် တွေ့မြင်နိုင်သေးသည် ။ 


ကလေးမြို့မှာ မြို့ပိုင် ရုံးစိုက်ရာ မြို့ဖြစ်သည့် အပြင် ၊ အထက်တန်းကျောင်းတစ်ကျောင်း နှင့် ခေတ်မှီသော လေယာဉ်ပျံ ကွင်းလည်း ရှိသဖြင့် ၊ အထက်မြန်မာပြည်တွင် တိုးတက်စည်ကားလာသော မြို့ကလေးတစ်မြို့ဖြစ်ပေသည် ။ မြို့ပေါ်ရှိ လူဦးရေ၏ ၅ ပုံ ၃ ပုံ မှာ တောင်သူလယ်လုပ်များဖြစ်၍ မြို့နယ်ရှိ လူထုမှာလည်း လယ်ယာလုပ်ငန်းနှင့် အသက်မွေးမြူကြသူများ ဖြစ်ကြသည် ။ 

ကလေးမြို့ နှင့် မိုင် ၂၀ ခန့်အကွာတွင် ကျောက်မီးသွေးတွင်း တစ်ခု ရှိသည် ။ ဒုတိယကမ္ဘာစစ်ပြီးဆုံးသည့်နောက် ကလေးမြို့ အနီးတဝိုက်ကျေးရွာ များသို့ ချင်းတောင်တန်းမှ ချင်းလူမျိုးများ ၊ အိန္ဒိယ-မြန်မာ နယ်စပ်မှ လူရှေ ( ခ ) လူးဆိုင် ချင်းလူမျိုးများသည် အိမ်ထောင်စုအလိုက် တစ်သုတ်ပြီး တစ်သုတ် ဆင်းလာကြ၍ လယ်ယာကိုင်းကျွန်းများ လုပ်ကိုင်ကြသည် ။ 

ကလေးမြို့သည် ရှေးက ငှက်ဖျားရောဂါ ထူပြောသော မြို့ ဖြစ်သော်လည်း ယခုအခါ ပတ်ဝန်းကျင်ကို ရှင်းလင်းပြုပြင် ထားပြီး ဖြစ်သောကြောင့် ငှက်ဖျားရောဂါ မရှိသလောက် လျော့နည်းသွားပြီ ဖြစ်သည် ။ ကလေးမြို့တွင် သီရိဓမ္မာသောက မင်းကြီး တည်ထားခဲ့သည် ဆိုသော ရွှေဘုံသာ စေတီတော် ရှိလေသည် ။

No comments:

Post a Comment