Sunday, August 11, 2013

ခင်မောင်တိုး

ခင်မောင်တိုးသည် အောင်မြင်ကျော်ကြားသော အဆိုတော် တစ်ဦးဖြစ်ပြီး ၁၉၅၀ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စစ်ကိုင်းတိုင်း ၊ မော်လိုက်မြို့၌ အရေးပိုင်မင်း ဦးခင်မောင်နှင့် ဇနီးဖြစ်သူ ဒေါ်ခင်လှတို့မှ ဖွားမြင်ခဲ့သူ တစ်ဦးဖြစ်သည် ။ မွေးချင်း မောင်နှမ ဆယ့်သုံးဦး ရှိသည့် အနက် သုံးယောက်မြောက်ဖြစ်သည် ။ ငယ်စဉ်က ဖခင်တာဝန်ကျရာ မြို့များသို့ လိုက်လံ နေထိုင်ခဲ့ရပြီး သူငယ်တန်းမှ ဆဌမတန်းအထိကို ရွှေဘိုမြို့ ၊ သတ္တမတန်း နှင့် အဌမတန်းပညာကို စစ်တွေမြို့နှင့် အထက်တန်းပညာ အောင်မြင်သည် အထိကို သထုံမြို့တို့တွင် တက်ရောက် ပညာသင်ကြားခဲ့ရသည် ။

၁၉၆၅ ခုနှစ်တွင် ဒဿမတန်းအောင်မြင်ပြီး ၁၉၆၆ ခုနှစ်တွင် ရန်ကုန် စက်မှုတက္ကသိုလ်သို့ တက်ရောက်ခဲ့သည် ။ အင်ဂျင်နီယာ တစ်ဦးဖြစ်ရန် ရည်ရွယ်ခဲ့သော်လည်း လူငယ်သဘာဝ ဂီတဘက်သို့ လိုက်စားခဲ့ခြင်းကြောင့် ပညာရေးအား သိပ်အလေးမထားနိုင်ခဲ့ပေ ။ ဒုတိယနှစ်တွင် စက်မှုကျောင်းသားတစ်ဦး ဖြစ်သူ ကိုရဲလွင် နှင့် တွေ့ဆုံခဲ့ပြီး ဂီတလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည် ။ ၁၉၇၃ ခုနှစ်တွင် ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး “ ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ် ” နှင့် ဒုတိယ တေးစီးရီးအဖြစ် “ ရင်ခုန်နေတဲ့ အိမ်မက်များ ” ကို ဆက်တိုက်ဆိုသလို ထွက်ရှိခဲ့သည် ။ 

၁၉၇၉ ခုနှစ်တွင် ကိုရဲလွင် ၊ ကိုဇော်မျိုးထွဋ် ၊ ကိုမောင်မောင် ၊ ကိုနေဝင်းတို့နှင့် အတူ “ လိစ္ဆဝီ ” အမည်ရှိတေးဂီတဝိုင်းကို တည်ထောင်ခဲ့သည် ။ “ မျက်သွယ် ” တေးစီးရီး ထွက်ရှိချိန်အထိ သူ၏ သီချင်းများမှာ ကော်ပီများရောယှက်မှု ရှိခဲ့ပြီး ၁၉၇၉ ခုနှစ်တွင် ထွက်ရှိသည့် “ အဉ္စလီအတွက် ဂီတအဉ္စလီ ” မှစ၍ ကိုယ်ပိုင်သံစဉ် ကိုယ်ပိုင်တီးဝိုင်းဖြင့် စတင် ထုတ်လုပ်ဖြန့်ချီခဲ့သည် ။ ၁၉၈၃ ခုနှစ်တွင် “ လိစ္ဆဝီ ” အမည်မှ “ မဇ္ဓိုမလှိုင်း ” ဟု ပြောင်းလဲခဲ့ပြီး ဂီတလုပ်ငန်းများကို အခြေချ လုပ်ကိုင်ခဲ့သည် ။ ထိုအဖွဲ့တွင် Lead Guitar ဇော်မျိုးထွဋ် ၊ Bass Guitar ကိုရဲလွင် ၊ Drum တွတ်ကီ ၊ Keyboard မျိုးခင် ၊ Hollow Guitar ခင်မောင်တိုး ၊ Classical Guitar ကိုမောင်မောင် ( အဉ္စလီမောင်မောင် ) နှင့် ကိုနေဝင်း တို့ ပါဝင်သည် ။ “ မဇ္ဓိုမလှိုင်း ” အမည်အား ကိုမောင်မောင် မှ ပေးခဲ့ခြင်း ဖြစ်သည် ။ 

Keyboard မျိုးခင် ကွယ်လွန်ပြီးနောက် တီးဝိုင်းမှာလည်း ကွဲသွားခဲ့ပြီး တစ်ယောက် တစ်နေရာစီ ဖြစ်သွားကြလေသည် ။ ၁၉၇၉-၈၀ တွင် ကိုမောင်မောင်နှင့် အတူ နာမည်ကြီး သီချင်း ဖြစ်သည့် “ ဝိုင်းရဲ့ ဆည်းဆာ ( ၁ + ၂ ) ” အား ရေးသားစပ်ဆိုခဲ့ကြသည် ။ ခင်မောင်တိုး သည် တေးစီးရီးပေါင်း ၂၅ ခုခန့် ထွက်ရှိခဲ့ပြီး “ ဝိုင်းရဲ့ ဆည်းဆာ ” နှင့် “ မဟာဆန်သူ ” သည် သူ၏ အအောင်မြင်ဆုံး တေးစီးရီးများ ဖြစ်သည် ။

ခင်မောင်တိုးသည် ဂီတလောကသို့ မဝင်ရောက်မီ ကတည်းက ဒေါ်ဝေဝေခိုင် နှင့် လက်ထပ်ခဲ့သည် ။ မင်းမင်းဦး ၊ အောင်ပန်းဦး နှင့် ဝေနှင်းခိုင် ဆိုသည့်  သားသမီး သုံးယောက်ထွန်းကားခဲ့သည် ။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့ တွင် စင်ကာပူ အထွေထွေရောဂါကု ဆေးရုံ၌ ကွယ်လွန်ခဲ့သည် ။ ကွယ်လွန်ချိန်တွင် အသက် ၆၂ နှစ် ရှိပြီ ဖြစ်သည် ။

No comments:

Post a Comment