Friday, August 16, 2013

ကော့သောင်းမြို့















 ကော့သောင်းမြို့သည် မြန်မာနိုင်ငံ တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း၌ ပါဝင်၍ မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်းဆုံး ဖြစ်သော ဝိတိုရိယ အငူ ပင်လယ် ကမ်းစပ်၌ တည်ရှိသည် ။ ကော့သောင်း နယ်ပိုင်၏ ရုံးစိုက်ရာမြို့လည်း ဖြစ်သည် ။

ကော့သောင်းနယ်မှာ တနင်္သာရီနယ်၏ တောင်ဘက်တွင် ကပ်လျက် ရှိ၍ ကော့သောင်း မြို့နယ် နှင့် မလိဝန်း မြို့နယ်များ ပါဝင်သည် ။ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ စီးဆင်းသော ပတ်ချန် မြစ်သည် မြန်မာနိုင်ငံ၏ တောင်ဘက် အစွန်ဆုံး နှင့် ထိုင်းနိုင်ငံ စပ်ကြားတွင် သဘာဝနယ်နိမိတ်အဖြစ်ဖြင့် တည်ရှိသည် ။ မြို့အရှေ့ဘက်ရှိ ပတ်ချန်မြစ်ဝမှာ လုံခြုံကျယ်ဝန်းသဖြင့် သင်္ဘောကြီးများ ဝင်ရောက်ဆိုက်ကပ်နိုင်သည် ။

မြိတ်ကျွန်းစု တောင်ဘက်ရှိ ကျွန်းငယ်ကလေးများမှာ ကော့သောင်းနယ်အတွင်း ပါဝင်သည် ။ ကော့သောင်းမြို့ အနီးတွင် ဗောင်းနင်းကဒန်း နှင့် ဗောင်းဝါးကျွန်း ၂ ကျွန်းကို အစွဲပြု၍ ထိုင်းစကားဖြင့် ဒကော့စွန်း ဟု ခေါ်သည်ကို နောက်ပိုင်းတွင် ကော့သောင်းဟု ဖြစ်ပေါ်လာခြင်း ဖြစ်သည် ။ ဒကော့စွန်း၏ အဓိပ္ပါယ်မှာ “ ကော့ = ကျွန်း ၊ စွန်း = နှစ် ၊ ဒ = ကျွန်းနှစ်ကျွန်း ” ဖြစ်သည် ။ ကော့သောင်းမြို့ အနောက်မြောက်ဘက် မိုင် ၃၀ ခန့်အကွာတွင် ရွှေထွက်သည် ဟု ကျော်ကြားသော ရွှေကျွန်း ခေါ် ရပ်ဆဲကျွန်းသည် လည်းကောင်း ၊ မြို့ အနောက်တောင်ဘက် ၄၅ မိုင် အကွာတွင် ဝူးဖရမ် ( အဖြိုက်နက် ) များ ထွက်ရှိရာ သံကျွန်း ခေါ် ဒေါ်ဝစ်ကျွန်း သည် လည်းကောင်း တည်ရှိလေသည် ။ 

ကော့သောင်းနယ်၏ အဓိက ထွက်ကုန်မှာ ဆန်စပါး နှင့် သံဖြူ ဖြစ်သည် ။ ကြက်ပေါင်စေး ၊ ကလမက် ၊ ကွမ်းသီးခြောက် နှင့် ငပိ ၊ ငခြောက် များလည်း အနည်းငယ် ထွက်ရှိသည် ။ ကော့သောင်းတွင် ဗမာ ၊ ထိုင်း ၊ တရုတ် ၊ ကုလား ၊ ပသျှူး နှင့် ဆလုံ လူမျိုးများ နေထိုင်ကြသည် ။ ထိုနယ်သားများ သည် လယ်ယာအချိန်ခါ မဟုတ်သည့် အချိန်တွင် ကျွန်းစုများသို့ သွား၍ တံငါလုပ်ငန်း ၊ ငှက်သိုက်ရှာဖွေခြင်း စသည်တို့ကို လုပ်ကြသည် ။ 

ကော့သောင်းမြို့တွင် နယ်ပိုင်ရုံး ၊ မြို့ပိုင်ရုံး နှင့် အစိုးရ ဆေးရုံ ရှိသည် ။ ထိုင်း - မြန်မာ နယ်စပ်တွင် ရှိသောကြောင့် အရောင်းအဝယ် သွက်လေသည် ။

No comments:

Post a Comment