Tuesday, August 13, 2013

ကျောက်ဆည်မြို့














ကျောက်ဆည်မြို့ သည် ဇော်ဂျီမြစ်၏ လက်ျာဘက် ကမ်းနဖူးတွင် တည်ရှိ၍ ကျောက်ဆည်ခရိုင်ဝန် ရုံးစိုက်ရာ မြို့ဖြစ်သည် ။ ရန်ကုန် - မန္တလေး မီရထားလမ်းတွင် ထင်ရှားသော မြို့တစ်မြို့ ဖြစ်ကာ မီးရထားလမ်းမိုင်အရ ရန်ကုန်မှ ၃၅၉ မိုင် ဝေးပြီး မန္တလေးမှ ၂၇ မိုင် ဝေးသည် ။ 


မြို့မှာ အကျယ်အဝန်း အားဖြင့် သေးငယ်သော်လည်း မြို့ကွက် အနေအထားမှာ စနစ်တကျ ရှိပေသည် ။ ကျောက်တည်မြို့မှာ အမြင့် ၉၇၅ ပေ ရှိသော ရွှေသာလျောင်းတောင်၏ တောင်ခြေတွင် တည်ထားသော မြို့ဖြစ်သည် ။ ထိုတောင်ထိပ်တွင်လည်း ပုဂံ အနော်ရထာမင်း တည်ထားကိုးကွယ်ခဲ့သော ရွှေမုဌော စေတီတော် တည်ရှိသည် ။

အနော်ရထာမင်း လက်ထက်က ဆည်မြောင်းတည်ဆောက်ရာတွင် ကျောက်များဖြင့် ထုခတ်ဆောက်လုပ်ရသောကြောင့် ကျောက်ဆည်မြို့ ဟု ခေါ်တွင်သည် ။ ဆည်ကြီးတွင် ရေလွှဲပေါက်များ တပ်ဆင်ထားသဖြင့် မြို့ပတ်ဝန်းကျင်ရှိ လယ်မြေများအတွက် လိုသမျှရေကို ထုတ်ဝေဖြန့်ဖြူး  ပေးနိုင်သည် ။

ကျောက်တည်မြို့ပေါ်တွင် နှစ်စဉ် နှစ်တိုင်း သီတင်းကျွတ်လ၌ “ ဆင်ပွဲ ” ပွဲတော်ကို ကျင်းပလေ့ ရှိသည် ။ ဤပွဲတော် ဖြစ်ပေါ်လာရသည်မှာ ပုဂံ အနော်ရထာမင်း က လယ်တွင်း ၉ ခရိုင်နယ်များအား နှစ်စဉ်နှစ်တိုင်း သူတည်ထားခဲ့သော ရွှေသာလျောင်းတောင်ပေါ်ရှိ စေတီတော်သို့ ဖူးမြော်ကန်တော့ရန် လာရမည်ဟု အမိန့်ပေးခဲ့သည်မှ စ၍ အစဉ်အလာ ဖြစ်ခဲ့သည် ။ 

သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျောက်ဆည်မြို့ အနီးအနား ကျေးရွာများမှ ဆင်ရုပ်ကြီးများ ပြုလုပ်လျက် ကခုန်တီးမှုတ်ကာ မြို့တွင်းသို့ လှည့်လည် ကြသည် ။ ရှေးအခါက တကယ့် ဆင်များနှင့် လှည့်လည်ကြသည် ။ ထို့နောက် ရွှေသာလျောင်း စေတီတော်ကို ဖူးမြော်ကန်တော့ ပြီး မှ လူစုခွဲကြသည် ။ လူငယ်လူရွယ် ကလေးများပါ မကျန် ပါဝင် ဆင်နွှဲကာ ပျော်ရွှင်ကြသော ပွဲတော် ဖြစ်ပေသည် ။

No comments:

Post a Comment