Thursday, August 15, 2013

ပုပ္ပါးတောင် ( အပိုင်း - ၁ )














ပုပ္ပါးတောင်ကို နတ်တောင်ဟူ၍လည်းကောင်း ၊ မီးသေတောင် ဟူ၍ လည်းကောင်း  ခေါ်ဝေါ်ကြပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မြင်းခြံခရိုင် အရှေ့တောင်စွန်းတွင် ထီးထီးကြီး တည်ရှိလေသည် ။ ယင်းသည် ပဲခူးရှိုးမ တောင်တန်း၏ မြောက်ဘက်အစွန်းတွင် သီးခြားထိုးထွက်နေသော မီးတောင်ဟောင်းကြီး တစ်ခု ဖြစ်သည် ။

ပုပ္ပါးတောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ၄၉၈၁ ပေမြင့်သည် ။ ပတ်ဝန်းကျင်၌ တောင်များမရှိပဲ တစ်တောင်တည်း မီးတောင်၏ ထိပ်ခွက် ခွက်နှင့် ထိုးထွက်နေလေရာ ၊ မိုင် ၄၀ ခန့် ဝေးသော ဧရာဝတီမြစ်ပေါ်မှပင် ရာသီဥတု ကြည်လင်ချိန်၌ မြင်တွေ့နိုင်ပေသည် ။ ပုပ္ပါးတောင်၏ မီးတောင် ကတော့ဝမှာ မြောက်ဘက်ပိုင်းတွင် အနောက်ဘက်သို့ အနည်းငယ်ယွန်းလျက် နိမ့်၍ တောင်ဘက် အနောက်ဘက် နှင့် အရှေ့ဘက်တို့တွင် မြင့်မားလျက်ရှိသည် ။ တစ်ခါတစ်ရံ မြေလတ်ဒေသမှ လည်းကောင်း ၊ တောင်ပိုင်း ရှမ်းကုန်မြင့် ဒေသမှလည်းကောင်း လှမ်းမြင်ရသည်ဟု ဆိုကြသည် ။ ပုပ္ပါးတောင်ကို အနောက်ဘက်မှ ကြည့်မူ တောင်ထွတ်နှစ်ခု တွေ့မြင်ရ၍ မြောက်ဘက်မှ ကြည့်မူ ဂျပန်နိုင်ငံ ရှိ ဖူဂျီ မီးတောင်ကြီးအလား တောင်ထွတ်တစ်ခုတည်းသာ ရှိသကဲ့သို့ တွေ့မြင်ရသည် ။ ပုပ္ပါးတောင်ကို အရပ်လေးမျက်နှာမှ ကြည့်လျှင် ပုံသဏ္ဍာန် လေးမျိုး ဖြင့် မြင်ကြရသည် ။

ပုပ္ပါးတောင် စင်စစ် တောင်ထိပ် တစ်ခုတည်းသာ ရှိသည် မဟုတ်ချေ ။ စပါးပုံတောင်ထိပ် ၊ ရေတွင်းတောင်ထိပ် ၊ မောင်းတောင်ငုတ်တို တောင်ထိပ် ၊ လပို့ တောင်ထိပ် ၊ မှန်တောင် ၊ ဆေးပွင့်တောင် ၊ စိန်တောင် ၊ မာလာတောင် ၊ ကင်ပွန်းတောင် အစရှိသဖြင့် တောင်ထိပ်များစွာ ဖြစ်နေသည် ။ မီးသေတောင်မှ မြစ်များသည် အရပ်လေးမျက်နှာ သို့ ဖြာဆင်း၍ သွားရာ ယင်းတို့အကြား တောင်စွယ် များအား အမည် အမျိုးမျိုးဖြင့် ပေးထားခြင်း ပင် ဖြစ်သည် ။

မီးတောင် ထိပ်ဝ အလယ်တွင် တမိုင်ခွဲခန့် ကျယ်၍ ပေ ၂၀၀၀ ကျော် ၃၀၀၀ ခန့် နက်ရှိုင်းသော ပါးဟက်ကြီး ကဲ့သို့သော ချောက်ကြီး ဖြစ်နေသည် ။ ယင်းချောက်ကြီးကို ချုံမတွင်းချောက် ဟု ခေါ်သည် ။ လွန်ခဲ့သည် နှစ်ပေါင်းများစွာက မီးတောင်ရှင် ဖြစ်နေစဉ် ပုပ္ပါးတောင်သည် ပေါက်ကွဲသောအခါ ယင်းချောက်ကြီးမှ မီးခိုးမီးလျှံ ၊ ပြာပူ ၊ ချော်မြုပ် တို့ ထွက်ရာ ထိပ်ဝကြီး ဖြစ်သည် ။ ပုပ္ပါးမီးတောင်သည် တစ်ကြိမ်သာ ပေါက်ကွဲပြီးနောက် မီးသေတောင်ဘဝ ရောက်သွားဟန်တူသည် ။ တောင်၏ ပတ်ဝန်းကျင် ခပ်လှမ်းလှမ်း အထိပင် ယခုတိုင်ချော်ရည်များ ခဲ၍ အတုံးကြီးများ ဖြစ်ကာ တည်ရှိနေသည်ကို တွေ့မြင်နိုင်သည် ။ ပုပ္ပါးမြို့ကလေးသည် ပင် ချော်ကုန်းမြင့် ပေါ်၌ တည်ရှိနေခြင်း ဖြစ်သည် ။

ပုပ္ပါးတောင်မကြီး၏ အနောက်တောင်စွယ်တွင် ပင်လယ် ရေမျက်နှာပြင် အထက် ပေ ၃၀၀၀ ခန့်မြင့်သော တောင်တစ်တောင်ရှိသည် ။ ယင်းကို ပုပ္ပါးတောင်ကလပ် ဟု ခေါ်ကြသည် ။ နတ်များ ဖန်းဆင်းထားသည့် ကျောက်ကလပ်ကြီး သဖွယ် မတ်မတ်ကြီး တည်၍ ထိပ်တွင် တစ်ဧက မျွှလောက်ကျယ်ဝန်းသည့် မြေပြင်ဖြစ်နေသည် ။ ထိုတောင်ကလပ် ထိပ်ပေါ်တွင် ယခုအခါ ဘုရားစေတီများ တည်ထားကိုးကွယ် ထားသည် ။ ပုပ္ပါးတောင်ကလပ်ကို ပန်းပေးတောင် ဟူ၍လည်းကောင်း ၊ မယ်ဝဏ္ဍနေရာဖြစ်သဖြင့် ဝဏ္ဍယက္ခတောင် ဟူ၍လည်းကောင်း ၊ ဝိဇ္ဇာဇော်ဂျီတပသီတို့ ခိုလှုံရာ ဖြစ်သဖြင့် ဝိဇ္ဖာ ဓရတောင်ဟူ၍လည်းကောင်း ၊ နဂါးရစ်ကဲ့သို့ စုပုံကာနေသဖြင့် နဂါးရစ်တောင် ဟူ၍ လည်းကောင်း ခေါ်ကြလေသည် ။ 

( အပိုင်း - ၂ ) သို့ ဆက်လက်ဖတ်ရှူ့ပါရန် .......

No comments:

Post a Comment