Monday, August 12, 2013

နန်းတော်ရှေ့ ဆရာတင်











နန်းတော်ရှေ့ ဆရာတင်သည် မြန်မာနိုင်ငံ၏ အထူး ထင်ရှားကျော်ကြားသော ဂီတစာဆို တစ်ဦး ဖြစ်သည် ။ အငြိမ့်မင်းသမီး နှင့် ဓာတ်ပြား အဆိုတော်တို့သည် သူ၏ သီချင်းများကို သီဆို၍ နာမည်ကြီးသွား ကြသည်က များသည် ။ ဆရာတင်သည် မြန်မာသက္ကရာဇ် ၁၂၅၆ ခုနှစ်တွင် ကြည့်မြင်တိုင် ထီးတန်းရပ်၌ ဖွားမြင်သည် ။ ဖခင်မှာ မြိုကစာရေးတော်မင်း ဦးမှန် နှင့် မိခင်မှာ ဒေါ်မမ ဖြစ်သည် ။ မန္တလေးမြို့ နန်းတော်ရှေ့ မင်္ဂလာဥယျာဉ်ရပ်တွင် နေထိုင်သောကြောင့် နန်းတော်ရှေ့ ဆရာတင် ဟု ခေါ်တွင်ခြင်း ဖြစ်သည် ။

ဆရာတင်သည် အတီးအမှုတ် ဂီတပညာကို တတ်မြောက်ရုံမျှမက ဗုဒ္ဓဝင် ၊ မဟာဝင် ၊ ရာဇဝင်မှ အစ စာပေးကျမ်းဂန်များကို လေ့လာလိုက်စားသူဖြစ်သောကြောင့် ဥဏ်ပညာလည်း ထက်မြက်သည် ။ အတွေးမှာလည်း လေးနက်သည် ။ ထို့ကြောင့်လည်း သူ၏ သီချင်းများမှာ သာယာငြိမ့်ညောင်းကာ အဓိပ္ပါယ် ရှိသည် ။ ကာလပေါ် သီချင်းများကို ရေးစပ်ရာတွင်လည်း ဆရာတင်သည် ထိပ်ဆုံးမှ ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည် ။
 
ရှေးအခါက လူတိုင်း၏ နှုတ်ဖျားတွင် ရေပန်းစားခဲ့သည့် “ လာမယ် လာမယ် မကြည့်ရဲလို့ ” အစချီသီချင်းနှင့် “ ရွှေကျီးညိုလာရင် ” အစချီသီချင်းများ အစ “ ပျူစောထီး ” ၊ “ စိန္တမဏိ ” ၊ “ မြနန္ဒာ ” ၊ “ အောင်နိမိတ် ” စသော စီချင်းများ အထိ များပြားစွာ ရေးသားသီကုံး ခဲ့သူ တစ်ဦးလည်း ဖြစ်သည် ။ ထိုခေတ်က ကိုလံဘီယာ ဓာတ်ပြားသီချင်းများသည် အများအားဖြင့် နန်းတော်ရှေ့ ဆရာတင်၏ သီချင်းများသာ ဖြစ်သည် ။

ထိုခေတ် အဆိုကျော်များ ဖြစ်သော မြခြေခြင်း မငွေမြိုင် ၊ မကြည်အောင် ၊ လေဘာတီ မမြရင် ၊ စိန်ပါတီ စသော သူများသည် နန်းတော်ရှေ့ ဆရာတင်၏ သီချင်းများဖြင့် နာမည်ကြီးသွားကြသူများ ဖြစ်သည် ။ ဆရာတင် မှာ ဆိုမည့်သူ၏ အသံနှင့် လိုက်ဖက်ညီအောင် ရေးစပ် သီကုံး နိုင်သဖြင့်လည်း နာမည်ကျော်ကြားလေသည် ။ 

ဆရာတင်သည် မြန်မာ သက္ကရာဇ် ၁၃၁၁ ခုနှစ်တွင် ကွယ်လွန်သည် ။ ဆရာတင် ၏ ဇနီးဖြစ်သူ အငြိမ့်သဘင်တွင် နာမည်ကြီးခဲ့သော ပေါ်လင်တင်မှာ ဆရာတင် မကွယ်လွန်မှီကပင် ကွယ်လွန်ခဲ့သည် ။ ဆရာတင်၌ သားသမီး ၁၄ ယောက် ထွန်းကားသည့် အနက် ယခုအခါ ဇာတ်သဘင်တွင် အမည် ကျော်ကြားသူမှာ ရွှေနန်းတင် ဖြစ်သည် ။

No comments:

Post a Comment