Sunday, September 22, 2013

ဂဠုန်

လေးသောဝန်ကို ဆောင်ယူတတ်သော သတ္တဝါသည် ဂဠုန် မည်၏ဟု မဂဓ အဘိဓာန်များက အဓိပ္ပာယ် ဖော်ပြသည် ။ ထို့အပြင် ဂဠုန်သည် ငှက်တို့၏ မင်း ဖြစ်သည် ။

ဂဠုန်သည် နဂါးတို့ကို သတ်ဖြတ်နိုင်သည် ဟု ကျမ်းဂန်များတွင် ဆို၏ ။ ယင်း၏ အတောင်များမှာ
ရွှေအဆင်းကဲ့သို့ တောက်ပြောင် လှပသည်ဟု အဌကထာ ကျမ်းများတွင် ဆို၏ ။ ဂဠုန် ငှက်မင်းသည် ယူဇနာ ၁၅၀ ခန့် အရွယ် ရှိကြောင်း သုတ်မဟာဝါ အဌကထာ ၊ မဟာနိဒါနသုတ်တွင် ပါရှိသည် ။ ဂဠုန်မင်းသည် ဂဠုန်လေကို ပြုအံ့သောငှာ အားထုတ်သော် ယူဇနာ ၆၀၀ ရှိသာ အရပ်သည် မလောက်ဟူ၍ သံယုတ် အဌကထာတွင် ပါရှိလေသည် ။

ဗေဒင်ကျမ်းဂန်များတွင် “ တနင်္ဂနွေ ဂဠုန် ၊ ရှေ့မြောက်ကြုံ ၊ နေတုံခြောက်နှစ်မျှ ” ဟူသော သံပေါက်အရ တနင်္ဂနွေဂြိုလ်၏ အမှတ်အသားမှာ ဂဠုန်ဖြစ်သည် ။ ရဲရင့်ခြင်း ၊ အားခွန်ဗလကြီးခြင်း ၊ အောင်မြင်ခြင်း တို့ကို ဆောင်သည် ။ ခရစ် ၁၉၃၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၌ ဗြိတိသျှအစိုးရအား ပုန်ကန်တော်လှန်သော ဆရာစံ သူပုန်ကြီး ပေါ်ပေါက်ခဲ့ဖူးသည် ။ စနေနံ ( နဂါးရုပ် ) ဖြစ်သော အင်္ဂလိပ်ကို အောင်နိုင်စေခြင်းငှာ ဆရာစံသည် သုပဏ္ဏက ဂဠုန်ရာဇာ ( ဂဠုန်မင်း ) ဘွဲ့ကို ခံယူခဲ့သည် ။ 

မြန်မာ စာပေတို့တွင် ဂဠုန်အကြောင်းကို ဤသို့ တွေ့ရသည် ။ “ ဂဠုန် နဂါး ပုံမခြား စုံများတဲ့ ရုပ်ကောင် ၊ မှန်စွာ ဖွေရှာ သေချာမှန်းထင်ကြည့် ၊ လွမ်းချင်သည့် စိတ်က ဝိပ္ပလ္လာ ” ဟူ၍ စိန်ခြယ်ဖြာရောင်လင်း ကြိုးသီချင်းတွင် တိမ်ကို တင်စားနှိုင်းဖွဲ့ခဲ့သည် ။ မြန်မာစာပေလောကတွင် စာဆို အကျော်အမော် တစ်ပါး ဖြစ်သော ရှင်ဥတ္တမကျော် ၏ တောလားရတုတွင်လည်း “ တိမ်ညိုမိလ္လာ ၊ တိမ်စူကာ နှင့် ၊ တိမ်ပြာရောယှက် ၊ မရန်းဖက်၍ ၊ တိမ်သက်တံ့ရောင် ၊ အဝါပေါင်ဝယ် ၊ မှောင်ခဲ့တခါ ၊ ပြာခဲ့တစ်မျိုး ၊ ညိုခဲ့တလီ ၊ ရီခဲ့တဖုံ ၊ မှုန်ခဲ့တစ်ချက် ၊ ယုဂန်ထက်က ၊ လေး ဖက် လုံးခြုံ ၊ တိမ်ဂဠုန်လည်း ၊ နဂါးရုံကြွေ့ ၊ ရန်ချင်းတွေ့သော် ၊ ခိုးငွေ့လွှတ်ပြိုင် ၊ ဂုဏ်ခြင်း ဆိုင်ခဲ့ ” ဟူ၍ တိမ်ကိုပင် သက်ဝင်လှုပ်ရှား ဂဠုန်ငှက်အလား တင်စား ဖွဲ့နွဲ့ခဲ့သည် ။

မြန်မာတို့ ဝေါဟာရ အသုံးအနှုန်းတွင် စစ်ဆင်စစ်တက်ရာ၌ ဂဠုန်တောင်ပံဖြန့် သည် ဟူ၍ လည်းကောင်း ၊ ရုန်းရင်းဆန်ခတ် ဖြစ်သည်ကို နဂါး ဂဠုန်လိုက်သည် ဟူ၍လည်းကောင်း ၊ ဆေးပင်ဝါးပင်များတွင် ဂဠုန်လက်သည်းပင် ဟူ၍လည်းကောင်း ဂဠုန်ဆိုသော ငှက်ကို အထူးတင်စား၍ ခေါ်ဆိုလေ့ ရှိကြသည် ။ ပသီ ပုံပြင်များတွင်လည်း ဂဠုန် ကဲ့သို့ ကြီးမားသော ငှက်များရှိကြောင်း ဖော်ပြပါရှိသည် ။ ဘုရားဟော မုက္ခပါဌ် ငါးရာ့ငါးဆယ် ဖြစ်စဉ် တိံသနိပါတ် ပဏ္ဍရက ဇာတ်တော်၌ကား ဂေါတမ မြတ်စွာ ဘုရားအလောင်းတော်သည် ဂဠုန်မင်း ဖြစ်ခဲ့ဖူးသည် ဟု တွေ့ရလေသည် ။ 

No comments:

Post a Comment