Sunday, September 15, 2013

ခရမ်းမြို့

ခရမ်းမြို့သည် ဟံသာဝတီခရိုင် အရှေ့ပိုင်းတွင် ပါဝင်သော မြို့နယ်တစ်ခု ဖြစ်ပြီး ရန်ကုန်မြို့ မှ ရေလမ်းခရီးဖြင့် သွားလျှင် ၃၆ မိုင်ခန့် ကွာဝေးသည်  ။ မြန်မာနိုင်ငံအောက်ပိုင်း ကို အင်္ဂလိပ်တို့ သိမ်းပိုက်ကာစ က ယခု ခရမ်းမြို့မှာ ရေတွင်းချောင်းခရမ်း ဟု ခေါ်ဆိုသော ရွာကလေးမျှသာ ဖြစ်လေသည် ။ ထိုရွာတွင် ကင်းဂတ်တစ်ခုကို ဖွင့်လှစ် ခဲ့ဘူးသည် ။ ထိုစဉ်က ရုံးစိုက်ရာမြို့မှာ ရုံးသပြေကန်မြို့ ဖြစ်သည် ။ ထိုအရပ်တွင် သပြေကန်ဟူသော အမည်ဖြင့် ရုံးစိုက်ရာ နှစ်ဌာန ရှိသည် ။ ရုံးစိုက်ရာသပြေကန်ကို ရုံးသပြေဟု ခေါ်သည် ။ 

ရုံးသပြေ၏ အရှေ့တောင်ဘက် ဘောချောင်းပေါ်တွင် တည်ရှိသော သပြေကန်မှာ ကျောက်တန်းနယ်တွင် အပါအဝင် မြို့နယ်ဖြစ်သည် ။ သို့ရာတွင် ၁၉၀၄ ခုနှစ်တွင် ရုံးသပြေကန် သည် ရေတိုက်စားခြင်းကြောင့် ကမ်းပါးပြို၍ တိမ်ကော သွားရာ ယခု ခရမ်းမြို့သို့ ရုံးရွှေ့ပြောင်း၍ စိုက်သည် ။ 

ရွာတည်ရာ အရပ်တွင် မြို့ဖျက်ခရမ်းများ ပေါများသဖြင့် ခရမ်းရွာ ဟုခေါ်တွင်သည် ။ ခရမ်းရွာတွင် ရေတွင်း ချောင်ခရမ်း နှင့် ရွာမခရမ်းဟု အပိုင်း နှစ်ပိုင်း ရှိသည် ။ ရေတွင်းချောင် ခရမ်း အုပ်စု ကို မွန်လူမျိုး ဦးမောင် ၊ ဦးမြ တို့က လည်းကောင်း ၊ ရွာမခရမ်း အုပ်စုကို မွန်လူမျိုး ဦးအို ၊ ဦးကလေး ၊ ဦးအုံး စသည်တို့က လည်းကောင်း ၊ ပင်လယ် တိမ်ကိုင်းတောများကို ခုတ်ထွင်ကာ လယ်လုပ်ရာမှ စတင်တည်ထောင်ခဲ့သည် ဟု ပါးစပ်ပြော အမှတ်အသား ရှိခဲ့သည် ။

၁၉၂၄ - ၂၅ ခန့်တွင် ခရမ်းတူးမြောင်းကို ဖောက်လုပ်ခဲ့သည် ။ ခရမ်းတူးမြောင်းမှာ ပဲခူးမြစ်ကမ်းပေါ်ရှိ ချောင်းဝရွာ မှ ခရမ်းမြို့ အထိ ၁၈ မိုင်ခန့် ရှည်လျားသည် ။ ခရမ်းမှ တစ်ဆင့် ပင်လယ်သို့ ပေါက်လေသည် ။ ယခုအခါ ထိုတူးမြောင်းကို ခရမ်း မြစ်ဟုပင် ခေါ်တွင်လျက် ရှိပေသည် ။ 

ခရမ်းမြို့နယ် တစ်ခုလုံး၏ အကျယ်အဝန်းမှာ စတုရန်းမိုင် ၂၄၆ မိုင်ခန့် ဖြစ်သည် ။ လယ်ယာကိုင်းကျွန်းများကို မှီ၍ အသက်မွေးဝမ်းကျောင်း ပြုကြသူ များပြားသည် ။ ရှေးက နိုင်ငံခြား ကုမ္ပဏီကြီးများက စပါးများကို စပါးဒိုင်များ ဖွင့်၍ သိမ်းကျူံး ဝယ်ယူခဲ့ဘူးသည် ။ ယခုအခါ နိုင်ငံတော် ကောက်ပဲ သီနှံ ရောင်းဝယ်ရေး ဘုတ်အဖွဲ့မှ စပါးများကို တိုက်ရိုက် ဝယ်ယူသော ဌာန ခွဲ တစ်ခု ဖွင့်လှစ်ထားသည် ။ ခရမ်းမြိုကနယ်တွင် ဆားချက် လုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည် ။ နာမည်ကြီး သော့ဲခူးဆားသည် ခရမ်းမြို့နယ် နှင့် ကဝ မြို့နယ် များမှ အများဆုံး ထွက်လေသည် ။ ယခုအခါ စပါးလုပ်ငန်း ၊ ဆားလုပ်ငန်း များ အပြင် မြေပဲ စိုက်ခြင်း ၊ ကြက်ဘဲ မွေးမြူ ခြင်း ၊ အလုပ်များကိုလည်း ပြုလုပ်ကြသည် ။ မြို့ပေါ်တွင် ဆန်စက် နှင့် ဆီစက် များလည်း ရှိသည် ။ 

ခရမ်းမြို့ နှင့် ပဲခူးမြို့ ကို ၁၉၂၈ ခုနှစ်တွင် မီးရထားလမ်း ဖောက်လုပ် ဆက်သွယ်ခဲ့သည် ။ ၁၉၃၁ ခုနှစ်တွင် ခရမ်းမြို့၏ တောင်ဖက် ၁၃ မိုင်ခန့် ဝေးသော သုံးခွ မြို့သို့ ဆက်လက်ဖောက်လုပ်ခဲ့သည် ။ ရန်ကုန်မြို့ မှ ခရမ်းမြို့သို့ နေ့စဉ် မီးသဘောင်္ကလေးများ ၊ မော်တော်လှေများ သွားလာလျက် ရှိသည် ။ သို့သော် မြစ်ချောင်းများ ကောသဖြင့် မြို့သို့ အရောက်မသွားနိုင် ။ မြို့အနီး ပိန်းကန်ရွာကို သဘောင်္ဆိပ် ပြုလုပ်ထားရသည် ။ ခရမ်းမြို့ပေါ်တွင် နိုင်ငံတော် အစိုးရ အထက်တန်းကျောင်း တစ်ကျောင်း ရှိသည် ။ ဆေးရုံ နှင့် စာတိုက်တို့လည်း ရှိသည် ။ မြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်း ၁၈ ကျောင်းခန့် ရှိသည် ။ ခရမ်းမြို့ပေါ်တွင် သကျမာရဇိန် ဘွဲ့ချီသော သွန်းဘုရား ကြီး တစ်ဆူ ရှိသည် ။ ထိုရုပ်တုတော် ကို ခရမ်းမြို့ မှ ခရမ်းမြို့မှ ဦးရွှေဖောင် ၊ ဦးဘိုးထိန်း တို့က ကြီးမှူး၍ အများကောင်းမှုဖြင့် တည်ခဲ့သည် ။ ဘုရားပွဲတော် ကို နှစ်စဉ် တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ ရှိသည် ။ ခရမ်းမြို့၏ အနောက်ဘက် ယွန်းယွန်း ရှိ ရဲမွန်စေတီ နှင့် အနောက်မြောက်ဘက် ၂ မိုင်ခန့် အကွာတွင် တည်ရှိသော ကန်ညီနောင် စေတီတို့ မှာ ထင်ရှားသော စေတီပုထိုးများ ဖြစ်ကြသည် ။

No comments:

Post a Comment